ခဏခဏ ခေါင်းကိုက်နေတာ ဘာကြောင့်လဲ
လူတော်တော်များများက ခေါင်းကိုက်တာကို ခံစားဖူးကြမှာပါ။ နေထိုင်လာရာ ဘဩက်တမ်းတလျှောက်မှာ တစ်ချိန်မဟုတ် တစ်ချိန်တော့ ခေါင်းကိုက်တာကို ခံစားကြဖူးကြမယ် ထင်ပါတယ်။ ခေါင်းကိုက်တယ်ဆိုတာကို မခံစားရခင်မှာ အစောပိုင်း လက္ခဏာအနေနဲ့ ခေါင်းထဲကပဲ နာသလိုလို မျက်နှာကပဲ နာသလိုလို ခံစားရနိုင်ပါတယ်။
ခေါင်းကိုက်တာက ပုံစံအမျိုးမျိုးနဲ့ လာနိုင်ပါတယ်။ ခေါင်းထဲမှာ တင်းအားများတာကြောင့် ခေါင်းကိုက်တာက အဖြစ်များတဲ့ ခေါင်းကိုက်ခြင်းပေါ့။ ခေါင်းကိုက်ခြင်းက များသောအားဖြင့်တော့ စိုးရိမ်စရာမရှိပါဘူး။ အချို့သော အခြေအနေတွေမှာတော့ ခေါင်းကိုက်တာ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ ရှိနေတယ်ဆိုတာကို ဖော်ပြနေတာပါ။
ခေါင်းကိုက်တာက တစ်ခါတလေ တစ်ပတ်မှာ ၂ ကြိမ်လောက်ဖြစ်တတ်တဲ့ အပယိက ကျန်းမာရေးပြဿနာ တစ်မျိုးပေါ့။ ဒါပေမယ့် ခဏခဏခေါင်းကိုက်နေပြီဆိုရင်တော့ နောက်ကွယ်မှာအကြောင်းအရင်းတွေ ရှိနိုင်ပါတယ်။ ဘာတွေဖြစ်မလဲဆိုတာကိုတော့ ဆက်လေ့လာခဲ့ကြည့်ဦးစို့နော်။
ခဏခဏ ခေါင်းကိုက်ခြင်းရဲ့ နောက်ကွယ်
ခဏခဏ ခေါင်းကိုက်နေရတာက ဒီအကြောင်းအရင်းတွေကြောင့်ပါတဲ့နော်။
ဆိုင်းနပ်စ် ရောင်နေတာ
ပါးတဝိုက်နဲ့ နှာခေါင်းအပေါ်ဘက် နဖူးအလယ်နားက တဆစ်ဆစ်နာရင်း ကိုက်နေပြီဆိုရင်တော့ ဆိုင်းနပ်စ် ရောက်နေလို့ ခေါင်းကိုက်တာပါ။ ဒီအခြေအနေက မကြာခဏဆိုသလို ခေါင်းကိုက်စေနိုင်ပြီး နှာစေးတာ၊ နားထဲမှာ တစ်ခုခု ပိတ်ဆို့နေသလို ဖြစ်နေတာ၊ အဖျားတက်တာ၊ မျက်နှာမှာ ရောင်ရမ်းတာတွေကိုလည်း ခံစားရနိုင်ပါတယ်။ တကယ်ကတော့ ဆိုင်းနပ်စ်မှာ ပိုးဝင်ပြီး ထိပ်ကပ်နာရှိနေမယ်ဆိုရင်လည်း ခေါင်းခဏခဏ ကိုက်နေနိုင်ပါတယ်။
ရေဓာတ်နည်းတာ
ခန္ဓာကိုယ်က လုံလောက်တဲ့ အရည်ဓာတ်ကို မရရှိချိန်မှာ ရေဓာတ်နည်းတာကို ခံစားရနိုင်ပါတယ်။ ကိုယ်ထဲမှာ ရေဓာတ်နည်းတာ၊ ရေဓာတ်ခမ်းခြောက်တာတွေကလည်း ခေါင်းကိုက်တာကို ဖြစ်စေနိုင်ပါတယ်။ ရေဓာတ်နည်းတဲ့အခါ မူးဝေတာ၊ ရေအရမ်းဆာတာ၊ ပါးစပ်ခြောက်တာတွေနဲ့အတူ ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်နေရင် အရင်ဆုံး ရေတစ်ခွက်လောက် သောက်လိုက်ပါလို့ ပြောကြတာပေါ့။
ရေလုံလောက်အောင် မသောက်တာကလည်း ခေါင်းခဏခဏ ကိုက်စေနိုင်ပါတယ်။ ဒါကြောင့် ပါးစပ်တွေပါခြောက်ပြီး ခေါင်းကိုက်လာပြီဆိုရင် ရေတစ်ခွက်သောက်ပြီး အေးအေးဆေးဆေးလေး အနားယူလိုက်ပါ။
လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်မိတာ
ဦးရေပြား၊ ဇက်ကြောနဲ့ ဦးခေါင်းက ကြွက်သားတွေက သွေးကို ပိုမိုလိုအပ်ပါတယ်။ အထူးသဖြင့် လှုပ်လှုပ်ရှားရှား လုပ်နေတဲ့အချိန်တွေမှာပေါ့။ သွေးထောက်ပံ့ဖို့အတွက် သွေးကြောတွေ ကျယ်လာချိန်မှာ သွေးတွေက ပိုမို လိုအပ်မှာပါ။ ခေါင်းရဲ့ နားထင် နှစ်ဖက်စလုံးက တဒိတ်ဒိတ်ခုန်ရင်း ခေါင်းကိုက်နေပြီဆိုရင်တော့ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်မိတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလို ခေါင်းကိုက်တာက တစ်ခါတလေမှာ ၄၈ နာရီလောက်အထိ ဆက်ရှိနေတတ်ပါတယ်။ စုံတွဲတွေမှာတော့ ချစ်တင်းနှောနေချိန်နဲ့ ချစ်တင်းနှောပြီးချိန်မှာ ဒီလိုမျိုး ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။
ဗိုက်ဆာနေတာ
ဗိုက်အရမ်းဆာနေချိန်မှာ ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။ အစားတစ်ခုနဲ့ တစ်ခုကြားမှာ အချိန်အကြာကြီ ခြားမိတာကလည်း ခေါင်းကိုက်စေနိုင်ပါတယ်။ အစားအစာတွေကို ပြည့်ပြည့်ဝဝ မစားမိဘူးဆိုရင်လည်း ခေါင်းခဏခဏ ကိုက်တာကို ခံစားနိုင်ပါတယ်။ ခေါင်းခဏခဏ ကိုက်နေတာက တစ်ခါတလေမှာ ကယ်လ်လိုရီ လိုအပ်ချက် ရှိနေတယ်လို့ ဖော်ပြနေတာပါ။
နီကိုတင်း
အချို့သော ခေါင်းခဏခဏ ကိုက်ခြင်းတွေက နီကိုတင်း အသုံးပြုတာကြောင့်ပါ။ ဆေးရွက်ကြီးကို အခြေခံပြီး ထုတ်ထားတဲ့ စီးကရက်၊ ဆေးလိပ်၊ ဆေးရွက်ကြီးဝါးတာ၊ e- စီးကရက်စတာတွေက နီကိုတင်း ပါဝင်နေပြီး ခေါင်းကိုက်စေနိုင်ပါတယ်။ ဆေးလိပ်သောက်ပြီးတိုင်း ခေါင်းကိုက်လာတယ်ဆိုရင်တော့ မိတ်ဆွေ ခေါင်းခဏခဏ ကိုက်နေတာက နီကိုတင်းကြောင့်ပါ။
ထိခိုက်မှု တစ်ခုခုရဲ့ နောက်ဆက်တွဲ ခေါင်းကိုက်တာ
ခေါင်းကို ထိခိုက်မိပြီး ၂ ရက် ကနေ ၃ ရက်လောက်မှာ ခေါင်းကိုက်တာကို ခံစားရတာမျိုးပေါ့။ ဒီလိုမျိုး ခေါင်းကိုက်တာက အချို့သော အခြေအနေတွေမှာ ပိုပြင်းထန်လာတာ၊ မူးဝေတာ၊ ခေါင်းထဲက ပေါ့ပေါ့ကြီးနဲ့ မူးတာ၊ အာရုံစိုက်ဖို့ ခက်တာတွေကို ခံစားရနိုင်သလို မှတ်ဉာဏ်ပိုင်းမှာ ထိခိုက်တာတွေကိုလည်း ခံစားရနိုင်ပါတယ်။ ဒီလို ခေါင်းကိုက်တာက လအတော်ကြာတဲ့ အထိ ခံစားနေရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာလေး ပြသကြည့်ဖို့ လိုပါမယ်။
ဆေးတွေကို အလွန်အကျွံသုံးတာ
ခေါင်းကိုက်တာကို ပျောက်ချင်ဇောနဲ့ အကိုက်အခဲပျောက်ဆေးတွေကို အလွန်အကျွံ သုံးတာကလည်း ခေါင်းကိုက်တာကို ပိုဆိုးစေပြီး ခေါင်းခဏခဏ ကိုက်တာကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ဆေးတွေကို ရေရှည်စွဲသုံးတာ၊ ခေါင်းမကိုက်သေးဘဲ ခေါင်းကိုက်မှာ စိုးတယ်ဆိုပြီး ကြိုသောက်ထားတာတွေက ခေါင်းခဏခဏ ကိုက်စေနိုင်ပါတယ်။
ဟော်မုန်းပြောင်းလဲတာ
ဟော်မုန်းပြောင်းလဲတာက ရာသီလာချိန်မတိုင်ခင်၊ ရာသီလာချိန်နဲ့ ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံးချိန်တွေမှာ ဖြစ်နိုင်ပါတယ်။ ဒီလို ဟော်မုန်းပြောင်းလဲတာကလည်း ခေါင်းကိုက်စေနိုင်ပါတယ်။ ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းတွေကလည်း ဟော်မုန်း ပြောင်းလဲမှု ဖြစ်စေနိုင်တာကြောင့် ခေါင်းခဏခဏ ကိုက်တာကို ဖြစ်စေနိုင်ပါတယ်။
ခေါင်းခဏခဏ ကိုက်နေရတာက ဒီအချက်တွေကြောင့်ဆိုတော့ ကိုယ်တိုင်မှာရော ဘယ်အချက်ကြောင့်လဲဆိုတာကို ကိုယ်တိုင်ဆန်းစစ်ကြည့်လိုက်ပါ။
မွန်မွန်